ဒေါက်တာလွဏ်ဆွေဘလော့မှပိုစတာကိုရယူပါသည်
ကဗျာနေ့ ဆိုတော့ကဗျာတွေရေးကြ ဖတ်ကြ ရွတ်ကြမယ်တဲ့ဗျာ-
ကျနော်တို့ ဘလော့ကာတွေလည်း ကဗျာတွေရေးကြမယ်ထင်ပါရဲ့ -
ကျနော်ကတော့ ကဗျာ ကိုဖြစ်ဖြစ်မြောက်မြောက်မရေးတတ်တဲ့သူဆိုတော့သူများရေးထားတဲ့ကဗျာတွေ
ကို လျှောက်ဖတ်မယ်လေ ။ ကျနော်တစ်ယောက်တည်း “ကဗျာ” ရွတ်ပြိုင်ပွဲပေါ့-
ကျနော့်စိတ်ထဲမှာတော့ “ဆရာပျဉ်းမနားမောင်နီသင်း”ရဲ့ ကဗျာကလေးကရင်ထဲစွဲနေခဲ့ တယ်။
အခုလိုနေမကောင်းနေတဲ့အချိန်မှာဆိုအရမ်းသတိတရဖြစ်နေတတ်တယ်-ကျနော်အကြိုက်ဆုံးကဗျာလေးမို့ 
ကျနော့်ဘလော့မှာတင်ထားလိုက်တယ်။
အိပ်မက်ထဲကတက္ကသိုလ်
*******************************ငါမမေ့၍
နွေနေ့တစ်ရက်၊ ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်...
ဥဋ္ဌသသံချို၊ တေးသံစို၍
ပင်ပျိုပင်လှ၊ ပုရစ်မြနှင့်
လှနေပေဆဲ မြူငွေ့ထဲ.....။
ငါမမေ့၍
မိုးနေ့ တစ်ရက် ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်....
မိုးရေပက်ဖြန်း ပိတောက်လမ်းနှင့်
ပန်းခင်းတစ်ခင်း ရောင်စုံကျင်း၍
သင်းနေပေဆဲ မိုးငွေ့ထဲ....
ငါမမေ့၍
ဆောင်းနေ့ တစ်ရက် ငါမြင်မက်သည်
အိပ်မက်ထဲက တက္ကသိုလ်....
မြရည်ပိန်းပိန်း၊ မြက်ခင်းစိမ်း၌
ရှိမ်းရှိမ်းနုနု၊ ပုလဲဥနှင့်
နုနေပေဆဲ နှင်းငွေ့ထဲ....
ငါမမေ့၍
နေ့ ပေါင်းများစွာ အိပ်မက်ရာ၌
ငါတို့ခြေရာ များပြားစွာသည်
ဘယ်မှာပျောက်သည် ငါမသိ....
ငါ၏ခြေရာ မင်းခြေရာကို
ခုခါရှာ၍ မမြင်တွေ့လည်း
မေ့မရသည့် တက္ကသိုလ်.......
မိုးငွေ့မြူငွေ့ နှင်းအငွေ့တို့
ရစ်ဝေ့နေသည် ငါမြင်သည်၌
နေခြည်ဝင်းဝင်း ပန်းတစ်ခင်းကို
လေညင်းထဲက တေးတစ်စကို
လရောင်ထဲက တစ်ဘ၀ကို
တလျက် တမ်းလျက် ငါလွမ်းလျက်သည်...
အိပ်မက်လိုလို တက္ကသိုလ်-------------။
ပျဉ်းမနားမောင်နီသင်း
ဆရာရယ်ကျနော်လည်းခဏခဏမက်ခဲ့တဲ့အိပ်မက်ကလေးပါဗျာ-တကယ့်တမ်းရောက်ခဲ့ရဲ့ လားဆိုတာကို
အိပ်မက်တွေမက်ရင်းနဲ့ ဘဲဆက်ဆက်ပြီးမက်ပါရစေတော့----
တခါတုံးကတက္ကသိုလ် --------------
